သင့်စိတ်ကြိုက်အရောင်ရွေး၍ ကြည့်ရှုနိုင်သည်

Wednesday, July 25, 2012

မြန်မာ စကားပုံများ - 1

ကျားကြီးသော် ခြေရာကြီးသည်
ကျားအကောင်ကြီးလျှင် ကျားအရွယ်နှင့်လိုက်အောင် ခြေရာကလည်း ကြီးသည် ဟု ဆိုလိုသည်။
အရာအထူး၊ အခြေအနေ၊ ၀င်ငွေ စသည် တိုးတက်လာသောအခါ
သက်သာ ချောင်ချိမည်ဟု ထင်မှတ်ရစေကာမူ တာဝန်၊ အကြပ်အတည်း၊
အသုံးစရိတ် စသည်တို့ မှာလည်း အချိုးကျ တိုးတက်လာသည်သာဖြစ်၍
အခွင့်အလမ်းနှင့် တာဝန်သည်လည်း ကောင်း၊ အရနှင့်အသုံးသည်လည်းကောင်း
လိုက်ဖက်စွာ တိုးတက်လာတတ်သည့် သဘာဝကို ဖော်ပြသည်။
နီးစပ်သောစကားပုံများ
ရေမြင့်လျှင် ကြာမြင့်သည်။

ခွေးရူးနှင့်ခွေးကောင်းကိုက်၊ ခွေးကောင်းနားရွက်ပြတ်သည်
ခွေးရူးသည် ရူးသွပ်ရမ်းကား၍ ဘ၀ဆုံးမျှဖြစ်နေပေရာ ခွေးကောင်းက
ဖက်၍ကိုက် သော် ခွေးရူးအဖို့ ပို၍ထိခိုက်နစ်နာရမှန်းမသိသော်လည်း ခွေးကောင်းအဖို့
ရူးသွပ်ခြင်း ကူးစက်၍ ထိခိုက်ရတတ်သည်ဟု ဆိုလိုသည်။ ထိခိုက်မှုကို
ခံနိုင်စွမ်းရှိသူနှင့် မခံနိုင် စွမ်း သူတို့သည် အချင်းချင်း ဖက်ပြိုင်ခြင်းအားဖြင့်
ထိခိုက်မခံနိုင်စွမ်းသူကသာ နစ်နာရ မြဲဖြစ်သည်ဟု ဆိုလိုသည်။


“ဂါထာပေး၊ တေးဖြစ်”

အစွမ်းအာနိသင် ထက်မြတ်သောဂါထာကို နေရာဌာနအားလျော်စွာ စည်းစနစ်တကျ
ရွတ်ဆိုရန် ပေးခြင်းမဟုတ်ဘဲ လူအားလုံးကို ဖြန့်ပေးခြင်းဖြင့်
စနစ်တကျမသုံးတတ်သူ များက သီဆိုရွတ်ဖတ်ချင်သလို ရွတ်ဖတ်ခြင်းဖြင့်
ဂါထာက တေးသီချင်းဖြစ်၍ သွားရ သည်ဟုဆိုလိုသည်။ နေရာဌာနအားလျော်စွာ
တန်ဖိုးထား၍ အသုံးချရန်ညွှန်ပြသတိ ပေးခြင်းဖြစ်သည်။ မည်သည့်အရာကိုမဆို
အရာဌာနအလျောက် သင့်ရာချိန်ဆသုံးစွဲ မှလည်း
အဖိုးထိုက်တန်နိုင်သည်ဟုဆိုလိုသည်။
နီးစပ်သောစကားပုံများ
သူတော်ချင်းချင်း၊ သီတင်းလွေ့လွေ့။
အသွင်တူမှ အိမ်သူဖြစ်။
ဓလေ့တူရာ၊ မိတ်ဖြစ်လာ။


ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည်
ငါးကြင်းသည် ဆူဖြိုး၍ အဆီများသဖြင့် ငါးကြင်းမှပါသော အဆီနှင့်ပင်
ငါးကြင်းကို ကြော်သည်ဟု ဆိုလိုသည်။ မိမိက စိုက်ထုတ်ကုန်ကျခြင်းမရှိဘဲ
သူတစ်ပါး ပစ္စည်းဥစ္စာဖြင့် သူတစ်ပါးကို ကျွေးမွေးပြုစုခြင်း၊ မပင်မပန်းရသော
ပစ္စည်းကို ပြန်၍ပေး ဖြန့်ခြင်း၊ အမြတ်ဖြင့် ပြန်၍စိုက်ထုတ်ရင်းနှီးခြင်း စသည်တို့တွင်
တင်စား၍ သုံးသည်။
နီးစပ်သောစကားပုံများ
သူ့အရိုးနှင့် သူ့ထုံး။
ကြက်မောက်ကို လှီး၍ ကြက်စာခွံ့။


စပါးကြီးကို လင်းမြွေမပတ်ချင်နှင့်
လုံးပတ်၊ အရှည်နှင့် အားအင်အရာတွင် အလွန်ကြီးမားသော စပါးကြီးမြွေကို
အချိုးအဆအားဖြင့် မယှဉ်သာအောင် ငယ်သော လင်းမြွေကရစ်ပတ်နေ၍ အကြောင်း
မထူး၊ အရာမရောက်သဖြင့် ထိုသို့သောသဘောရောက်သည့် အပြုအမှုမျိုး
မပြုလုပ်ပါ နှင့်ဟု ဆိုလိုသည်။ ပိုမိုတတ်သိ၊ ကျွမ်းကျင်သူကို မတတ်သိ၊
မကျွမ်းကျင်သူက သြဇာ ပေးခြင်း၊ ညာဖျန်းလှည့်ပတ်ခြင်း၊ အနိုင်ယူရန်ကြိုးစားခြင်း
စသည့်ပြုတတ်သောအခါ တွင် သုံးနှုန်းသည်။
နီးစပ်သောစကားပုံများ
ခေါင်းတုံးပေါ် ထိပ်မကွက်ချင်နှင့်။
မိချောင်းမင်း ရေခင်းပြသည်။
အစစ်ကို အတုကပြိုင်သည်။


ဆောက်ဖြစ်မှ ကျောင်းဒကာ
ကျောင်းဆောက်၍လှူသူသည်ကျောင်းဒကာဖြစ်ရမည်မှန်သော်လည်း ကျောင်း ဆောက်ဖြစ်မည်
မဆောက်ဖြစ်မည်မှာ မသေချာသေးသဖြင့် ကျောင်းဒကာ ဖြစ်ရင်းမှာ
မသေချာသေး။ ကျောင်းဆောက်ဖြစ်ပါမှ ကျောင်းဒကာဖြစ်မည်ဟုဆိုလိုသည်။
အကျိုး ကျေးဇူးရရေးမှာ ကြားလုပ်ငန်းတစ်ဆင့် အောင်မြင်ပါဦးမှ အလား
အလာရှိမည့် အခြေအနေမျိုး၊ မသေချာသေးသည့် အခြေအနေမျိုးတွင်သုံးနှုန်းသည်။
နီးစပ်သောစကားပုံများ
ယူမည့်ဇနီးလောင်းရှိမှ သတို့သားဖြစ်ရမည်။

ညောင်ဦးကမ်းပါးပြို စမ္မနဂိုက နွားမပေါင်းကျိုး
ညောင်ဦးမြို့တွင် ကမ်းပါးပြိုကျခြင်းကြောင့် ညောင်ဦးနှင့် ကွာလှမ်ေးသာ
အခြားတစ်ဒေသရှိ စမ္မနဂိုမြို့မှ နွားမတစ်ကောင်ပေါင်ကျိုးရသည်ဆိုခြင်းမှာ ဘာမျှ
မသက်ဆိုင်ဘဲ အကြောင်းအဆက်အဆက် ကွာလှမ်းလှပြီး အမှတ်မထင်တိုက်ဆိုင်
မှုသာဖြစ်နိုင်ဖွယ်ရှိသည်ဟုဆိုလိုသည်။ အကြောင်းအဆက်အဆက်မရှိဘဲလျက်
ဆွဲစပ် ၍ ယိုးမယ်ဖွဲ့အကြောင်းရှာခြင်းမျိုးကို အပြစ်တင်သုံးနှုန်းသည်။
နီးစပ်သောစကားပုံများ
လှံဖျားပစဉ်းနား၊ ကျီးကန်းချေးပါ။

တစ်ခါသေဖူး ပျဉ်ဖိုးနားလည်သည်
အိမ်တစ်အိမ်၌ တစ်စုံတစ်ယောက် သေဆုံးဖူးသောအခါ အခေါင်းပြုလုပ်ရန်
သစ်ပျဉ်မည်မျှ သစ်ဖိုးမည်မျှကျမည်ကို လက်တွေ့သိရှိနားလည်ဖူးသွားသည်ဟု
ဆိုလိုသည်။ တစ်ကြိမ်တစ်ခါ လက်တွေ့ကြုံရဖူးသောအခါတွင် အတွေ့အကြုံရှိ၍
ပါးနပ်ကျွမ်းကျင်မှု ရရှိလိုက်သဖြင့် နောက်အခါတွင် အလားတူကိစ္စအတွက်မှားခြင်း၊
အလှည့်ဖြားခံရခြင်း၊ မသိဝိုးဝါးခြင်းမရှိတော့ဘဲ သိမြင်လိမ္မာသွားသည်ဟု
ဆိုလိုသည်။ တွေ့ဖူးကြုံဖူး၍ အသိအလိမ္မာ တိုးတက်ပုံကို ပေါ်ထင်စေရန်
တင်စားသုံးနှုန်းသည်။
နီးစပ်သောစကားပုံများ
ခဲမှန်ဖူးသော စာသူငယ် ရွယ်ရုံနှင့်လန့်။

ထမင်းကြမ်းက အငွေ့ထွက်ချင်
အပူငွေ့စဲ၍ အေးနေသော ထမင်းကြမ်းခဲကပင်လျှင် သဘာဝမဟုတ်ဘဲ အငွေ့
ထွက်ချင်ခြေင်းမှာမသင့်ဟု ဆိုလိုသည်။ မိမိသဘာဝမဟုတ်ဘဲ လော်လည်၍
မတန်မရာ မပြုသင့်ရာ ပြုလိုခြင်းကို ရှုတ်ချသောအားဖြင့် သုံးနှုန်းသည်။
နီးစပ်သောစကားပုံများ
နောက်ဆုံးလူက၊ ဗွေဆော်ထိုးချင်။
စကားမပီသူက ပါဠိရွတ်ချင်။

No comments:

Post a Comment

HTML Comment Box is loading comments...